မိုးကောင်း စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်လျှင် Mask မဖြစ်မနေ တပ်ဆင်သည့် အလေ့အထရှိ စေရန် Mask အခမဲ့ဝေငှ တပ်ဆင်ပေးခြင်း Campaign ဒုတိယအကြိမ် ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် မန္တလေး-မြစ်ကြီးနား လမ်းမပေါ် ရှိ မီးပွိုင့် လမ်းဆုံများ၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Coronavirus Disease 2019(ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်အဖြစ် ပြည်သူများ အပြင်ထွက်လျှင် Mask မဖြစ်မနေတပ်ဆင်သည့် အလေ့အထအား စွဲမြဲစေရန်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်ကာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးမည်ဖြစ်ပြီး Mask တပ်ဆင်ခြင်းမရှိဘဲ သွားလားနေသူများအား Mask တစ်ခုလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ချက်ချင်းဝယ်၊ ချက်ချင်းတပ် ဒဏ်ရိုက်မည့်အစီအစဉ်အား ပြည်သူများသတိ မေ့လျော့ပေါ့ဆမှုမရှိစေရန် အသိပေးပညာ ပေးခြင်းအား မြို့မဈေးအနီးလမ်းဆုံ၊ မီးပွိုင့်လမ်းဆုံနှင့် အထက(၂) လမ်းဆုံတို့၌ Mask အခမဲ့ဝေငှတပ်ဆင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလှုပ်ရှား ဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်၍ Mask (၁၀၀၀) ခန့် အခမဲ့ဝေငှတပ်ဆင် ပေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)