၂၀၂၂-၂၀၂၃ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မန္တလာသီရီအားကစားကွင်း၊ Multipurpose Stadium ခန်းမတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဆုရရှိသော မန္တလေးတိုင်းအသင်းအား စုပေါင်းတံခွန် စိုက်ဆုနှင့် ငွေသားဆု၊ အမျိုးသား (ထောက်လု) အသက်(၁၂)နှစ်အထက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့ကြသော မန္တလေးတိုင်းအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကိုက ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အမျိုးသမီး ဝူရှူး(ဆန်းဆို) ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရ တနင်္သာရီတိုင်းအသင်းမှ မအေးအေးပြည့်အား ဆုဖလားနှင့်ငွေသားဆု၊ အမျိုးသားဝူရှူး(ထောက်လု)ပြိုင်ပွဲ အကောင်းဆုံးအားကစားသမားဆုရရှိသော ကချင်ပြည်နယ်အသင်းမှ မောင်ကျော်ဇေ၀င်းအား ဆုဖလားနှင့်ငွေသားဆုတို့ကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ဝူရှူးပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆုရရှိကြသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၀ဏ္ဏကျော်ထင်ဦးမောင်ကို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း