တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်  စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Women Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ပါရဂူရေးသားသည့် သမိုင်းသင်ခန်းစာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ  (၁)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောက်စာကပြောသောသမိုင်း ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးရာတွင် လူသမိုင်း၌ အတိတ်ကာလကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ အကြောင်းအရာများကို ရှေးဟောင်းပစ္စည်းများနှင့် ရှေးဟောင်း ကမ္မည်းကျောက်စာများ အရသာလျှင် သိရှိနားလည်ကြကြောင်း၊ ကမ္မည်းထိုးကျောက်စာများသာမရှိလျှင် ရှေးဟောင်းလူ့သမိုင်းကို သိရှိနားလည်ဖို့ရန် မလွယ်ကြောင်း၊ အသောကမင်းတရားကြီး ရေးထိုးထားသော ကျောက်စာများသာမရှိလျှင် အိန္ဒိယနိုင်င၌ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သည် ဆိုသည်ကို သမိုင်း အထောက်အထားခိုင်လုံစွာဖြင့် အခိုင်အမာပြောပြနိုင်ရန်ခက်ခဲကြောင်း၊ ဆွေးနွေးပြောကြားပြီးနောက်  (Women Club) အဖွဲ့ဝင် ဒေါ်ဝါဝါထွန်းမှ ပံ့သကူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် ဒေါ်ခင်မျိုးဆွေမှ အမှောင်နှင့် အလင်းခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆွေးနွေးကာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန် အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ  (တံတား)