ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒဂုံဆိမ်ကမ်း အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မျိုးသန့်က ကျောင်းသား/သူ များအား အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းခြင်း နည်းစနစ် (၅) မျိုး၊ လမ်းအသုံးပြုသူတိုင်း လိုက်နာရမည့် မီးပွို့င်စနစ်နှင့် လမ်းညွှန်အမှတ်အသားများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ ယာဉ်တိုက်မှုအမျိုးအစားများ၊ လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်စည်းကမ်းလိုက်နာရေး အသိပညာပေး မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ကာတွန်းပုံများကို ပြသပေးခဲ့သည်။

ထို့နောက် ကျောင်းသား/သူ များကိုယ်စား ကျောင်းသားတစ်ဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ လက်ခံရယူခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၉၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)