စဉ့်ကူး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မိုးယံရေးသားသည့် “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေး နွေးပွဲကို ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ မောင်မိုးယံ ရေးသားသည့် “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်မှ လူငယ်နှင့်ပရဟိတစိတ်၊ လူငယ်နှင့်စာပေမြတ်နိုးစိတ်၊ လူငယ်နှင့်ဆေးလိပ် အန္တရာယ်၊ လူငယ်နှင့်တက်လမ်း စသည့် ခေါင်းစဉ်များဖြင့် ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)