ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဟိုပုံး  အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို  ယနေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူလူငယ်များတွင် ပြည်စုံရမည့်ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ များပြည့်စုံစေရန်အတွက် ကျောင်းသားလူငယ်များအနေဖြင့် အမှား၊ အမှန်၊ အကောင်း၊ အဆိုးခွဲခြားသိမြင်နိုင်စေရန် ဉာဏစွမ်းရည်ပြည့်စုံစေရန် စာဖတ်လိုအပ်ကြောင်း၊ ထိုသို့စာပေဖတ်ရှုခြင်းဖြင့် လူငယ် လူရွယ်များ အခြေခံပညာသင်ကြားချိန်မှစ၍ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ ကို သိမြင်ခံစားတတ်စေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများအရောက် ကွင်းဆင်းဆောင်ရွက်ပေး‌ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စာအုပ်များ ငှားရမ်းရာတွင် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း စသည့် စာအုပ်စာစောင်များပေါင်း ၁၀၀ ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)