တွံတေးမြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်

တွံတေး အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာ စိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီမိနစ်၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

နေကြာမျိုးစေ့များပေးအပ်ရာတွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်မှ နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ စီမံကိန်းလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးသွားရန်လမ်းညွှန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တွံတေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က စီမံကိန်းနေကြာဧက ရာနှုန်းပြည့်စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားရှင်းလင်းကာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးက နေကြာစိုက်ပျိုးရန်အတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မျိုးစေ့စုဆောင်းထားရှိမှု အခြေအနေ၊ မြို့နယ်အတွင်း နေကြာစိုက်ပျိုးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက (၇၅၀) ဧက လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီမှ တိုက်နယ်အလိုက်တာဝန်ရှိသူများက နေကြာမျိုးစေ့များကို တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နေကြာစိုက်ပျိုးသွားမည့် တောင်သူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကနိဂုံးချုပ်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ တွံတေးမြို့နယ်တွင် ဆီထွတ်သီးနှံ နေကြာရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့ကိုတစ်ဧကလျှင် (၃) ကီလိုနှုန်းဖြင့် ကျေးရွာအုပ်စု (၁၃) အုပ်စုမှဧက (၇၅၀) ဧက ရှိတောင်သူ (၁၆၇) ဦး ထံ​ပေးအပ်ခဲ့ပြီး တွံတေး-လှိုင်သာယာ၊ တွံတေး-ဒလကားလမ်းမကြီးဘေးရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား