နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် အောက်တိုဘာ  ၁၇

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် တက်ရောက် လာကြသူများအနေဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံဖြတ်ချက်များအား လိုက်နာဆောင်ရွက်ကြ စေလိုကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများ မရှိစေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေး၊ အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရန် စီမံဆောင်ရွက်ပေးရေးနှင့် လမ်းပေါ်နေကလေးများ ပပျောက်ရေးကိုအလေးထား ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက်  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)