တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးချိန် ထွန် ၊ ထယ်ငှားလိုက်သူများအဆင်ပြေ

တံတားဦး  အောက်တိုဘာ  ၁၇

တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ယာမြေများ ထွန်ရေး၊ ထယ်ရေး ညက်စေရန် ထွန်၊ ထယ်များငှား၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နေ့စားထွန်၊ ထယ်အငှားလိုက်သူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တံတားဦးမြို့နယ်မှာ ဒေသခံတောင်သူတွေက မိုးစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလုပ်ကိုင်နေကြခြင်းဖြစ်ပါတယ်။ ယခုလို မိုးစပါးနဲ့ အခြားသီးနှံတွေစိုက်ပျိုးပြီးချိန်မှာ အချို့တောင်သူတွေက ဆောင်းသီးနှံတွေဖြစ်တဲ့ ဂျုံ၊ ကုလားပဲ၊ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာနဲ့ အခြားသီးနှံတွေကို စိုက်ပျိုးဖို့အတွက် လယ်ယာသုံးစက်ကိရိယာတွေကို ငှားရမ်းပြီး စိုက်ပျိုး လုပ်ကိုင်ကြသလို အချို့တောင်သူတွေက နွားရှဉ်းနဲ့ ထွန်ယက်စိုက်ပျိုးကြတယ်။ ဒါကြောင့် နွားရှဉ်းရှိတဲ့သူတွေက မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင်  နေ့စားထွန်၊ ထယ်အငှားလိုက်ကြတယ်ပေါ့။ ထွန်၊ ထယ်အငှားလိုက်တာက တစ်မနက်ကို ငွေကျပ်(၁၅၀၀၀)ရရှိတော့ မိသားစုတွေ အဆင်ပြေတာပေါ့” ဟု တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူ ဦးမြင့်အောင်ထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)