ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနား အောက်တိုဘာ ၁၇

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

အဆိုပါ စာငှားလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဉာဏ်စမ်းဂိမ်းများကစားခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် ပုံပြင်ပြောပြခြင်းများကို ဆောက်ရွက်ကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ(၂၂၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

မျိုးသီဟ(မြို့နယ်ပြန်/ဆက်)