ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ငွေများပေးအပ်

ရသေ့တောင် အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိကိုယ်ဝန်ဆောင် မိခင်များနှင့်၄င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးများအား  အာဟာရ ပြည့်ဝစွာစားသောက်နေထိုင်ပြီး ဉာဏ်ရည်ပြည့်ဝကာ ကျန်းမာကြံ့ခိုင်သော ကလေးများဖြစ်လာစေရန်နှင့် မသန်စွမ်းဖြစ်မှုနှုန်း လျော့ကျစေနိုင်ရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရသေ့တောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်(၃) လအတွင်း အကျိုးခံစားခွင့်ရရှိသူ (၅၈၇၃)ဦးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၂၅၄၆၂၅၀၀၀) ကျပ်အား  ကိုယ်ဝန် ဆောင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ပေးနိုင်ခဲ့ပြီး ထောက်ပံ့ပေးရန်ကျန်ရှိ သူများကိုလည်း ရသေ့တောင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ကွင်းဆင်းပြီး ဆက်လက်ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)