သီပေါ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်း သွယ်က မသန်စွမ်းသူ အမျိုးအစားအလိုက်အခွင့်အရေးများတန်းတူရရှိနိုင်စေရန် ဥပဒေများ ပြဌာန်း ထားပါကြောင်း၊ မသန်စွမ်းသူ ဆိုတဲ့နေရာမှာ မွေးရာပါ မသန်စွမ်းခြင်းဖြစ်စေ၊ အရွယ်ရောက်ပြီးမှ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာသော မသန်စွမ်းခြင်းဖြစ်စေဘယ်လိုမသန်စွမ်းမှုအမျိုးအစားပဲဖြစ်ဖြစ် ဥပဒေပါတဲ့ အခွင့်အရေးများကို ရရှိခံစားရမှာ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေး ဥပဒေ၏ ရည်ရွယ်ချက်သည် မသန်စွမ်းသူများအား ပိုမိုပြုစုစောင့်ရှောက်နိုင်စေရန်၊ နိုင်ငံသားတိုင်း ရရှိသည့် အခွင့်အရေးများအတိုင်း မသန်စွမ်းသူများလည်း လွတ်လပ်စွာ ရရှိနိုင်စေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေးစသည့် နယ်ပယ်အသီးသီးတွင်လည်း အခြားသူများနည်းတူ နေထိုင်ခွင့် ပေါင်းစည်းသွားခွင့်များကို ရရှိစေရန် ရည်ရွယ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်၊ စွမ်းဆောင်နိုင်မှုများကို အသိအမှတ် ပြုကြရမှာဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ ဘဝလုံခြုံမှုများ၊ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ မှုများ၊ အကြမ်းဖက်မှုများ လျော့နည်းပပျောက်အောင် ဥပဒေအရ ကာကွယ်ပေးနိုင်ရန် ဥပဒေများ ပြဌာန်းထားခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသော အမျိုးသမီးများ၊ မိဘမဲ့ကလေးငယ်များ၊ ခိုကိုးရာမဲ့ ကလေးများအား ကာကွယ်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနကဖွင့်လှစ်ထားသော ကျောင်းများတွင် အပ်နှံပြီး ဘဝတစ်သက်တာ အသက်မွေးဝမ်းကျောင်း နည်းလမ်းကောင်းများကို သင်ယူစေခြင်း အားဖြင့် မသန်စွမ်းမှု အမျိုးအစားများကို လျှော့ချစေနိုင်မှ ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)