ကျောက်ဖြူမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲများကင်းစင်ပြီး အပင်အမြင့်ညီညာကာ အောင်မြင်ဖြစ်ထွန်း

ကျောက်ဖြူ  အောက်တိုဘာ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိရာ အဆိုပါမျိုးစေ့ထုတ်စိုက်ခင်းများမှာ မျိုးကွဲများကင်းစင်ပြီး အပင်အမြင့်ညီညာကာ အထူးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုကို နီးစပ်ရာကျေးရွာအချို့မှ တောင်သူများနှင့် သက်ဆိုင်ရာကျေးရွာရှိတောင်သူများအား ဖိတ်ကြားပြီး မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်နိုင်ကြောင်း၊ မြို့နယ်၏မိုးစပါးယခင်နှစ်ထက် ဧက (၁၃၀) ပိုမိုစိုက်ပျိုးနိုင်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကိုလျော့ချစေရေးအတွက် စပါးစိုက်ခင်းထဲတွင် အဝါရောက်ကဒ်များထားရှိကာ ပိုးရောဂါအန္တရာယ်ကာကွယ်ထားနိုင်ရှိနိုင်ကြောင်းကို ယမန်နေ့က စိုက်ပျိုး‌ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မဆန်းဝင်းက လက်တွေ့ရှင်းလင်းပြသ၍ ကွင်းဝန်ထမ်းများမှ တောင်သူများနှင့် မေးမြန်းမှုများပြုလုပ်ကာ ကွင်းသရုပ်ပြပွဲများကို ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်၏မိုးစပါးစိုက်ဧကများ လျော့နည်းမှုမရှိစေရေး နှိုးဆော်ဆောင်ရွက်ခြင်း၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းစေရန် နှစ်စဉ်မျိုး သန့်မျိုးစေ့ပံ့ပိုးပေးခြင်း၊ မြေဆီလွှာတွင်အဟာရဓာတ်ပါဝင်မှုစစ်ဆေးပေးခြင်း၊ ဓာတ်မြေဩဇာ စနစ်တကျအသုံးပြုစေခြင်း၊ မိုးစပါးစိုက်ဧကများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးနှင့် ပိုးရောဂါကျ ရောက်မှုမရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို ပုံမှန်ကွင်းဆင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)