မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

မိုင်းယောင်း အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ဝင်ငွေရသည့် လုပ်ငန်းတွင်ဖြစ်စေ၊ ဝင်ငွေမရသည့် လုပ်ငန်းတွင်ဖြစ်စေ အလုပ်လုပ်ကိုင်နေကြရသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များသည် ကလေးအလုပ် သမားများပင်ဖြစ်ကြောင်း ဆွေးနွေးပြီး ရုပ်သံကျွမ်းကျင်() ဒေါ်နန်းစီဖေါင်းက မိမိတို့နိုင်ငံတွင် ကလေးဦးရေ ၁၀၀ လျှင် ကိုးယောက်ကျော်မှာ ကလေးအလုပ် သမားများအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေကြရကြောင်း ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက်အားဖြင့် ကလေးလုပ်သားဦးရေ၏ ၇၀ ဒသမ ၉ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်းကောင်း၊ ၁၂ ရာခိုင်နှုန်းသည် စက်မှုကုန်ထုတ်လုပ်ငန်းများတွင်လည်းကောင်း၊ ၁၁ ရာခိုင်နှုန်းသည် လက်လီလက်ကား ရောင်းဝယ်ရေးနှင့် ယာဉ်၊ စက်ပြင်ဆင်ရေး လုပ်ငန်းများတွင်လည်းကောင်း အဓိကအားဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာများနှင့် ပတ်သတ်၍ ဆက်လက်ဆွေးနွေးခဲ့သည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)