နောင်တရား အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီးပတ်ဝန်းကျင် ကျေးရွာများတွင် ဩဂုတ်လနှင့် စက်တင်ဘာလတွင် စိုက်ပျိုးသည့် စကအားလူးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အားလူစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ဒီနှစ် ဩဂုတ်လ၊ စက်တင်ဘာလမှာ မိုးများတော့ စကအာလူးတွေ ရေဝတော့ အပင်သန်တယ် ပြီးခဲ့သည့်နှစ်တွေဆို စက်တင်ဘာလတွေမှာ မိုးသိပ်မရွာတော့ မျိုးအာလူရဖို့လောက်ဘဲမျှော်ရတယ် ဒီနှစ်တော့ မျိုးလည်းရမယ် ရောင်းတန်းဝင် ကြော်စိုက်လည်းရမယ်လို့ မျှော်လင့်တယ် မိုးကြိုအာလူးတော့ တူးနေပြီ တစ်ပိဿ ကျပ် ၁၆၀၀ မှ ၁၈၀၀ အထိဘဲ ဈေးရသေးတော့မရောင်းသေးဘူး အိမ်မှာလှောင်ထားတုန်း ဈေးကောင်းမှ ထုတ်ရောင်းတော့မယ်” ဟု ကန်တန်ကျေးရွာမှ အာလူးစိုက်တောင်သူကပြောသည်။
ပင်လောင်းမြို့နယ်အတွင်း ထွက်ရှိသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန် ဘုရင့်နှောင် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချကြပြီး အခြားတိုင်းနှင့် ပြည်နယ်များသို့ လည်း တင်ပို့ရောင်းချကြသည်။ နောင်တရားမြို့တွင် အာလူးအအေးခန်း တည်ဆောက်ထားပြီး အဆိုပါ အာလူးအအေးခန်း၌ မျိုးအာလူးထိန်းသိမ်းခြင်းကို ဆောင်ရွက်ပေး ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)