ကာလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲပြုလုပ်

ကာလိ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁၅၁) ခြေလျင်တပ်ရင်း မိသားစုဝင်များနှင့့်ပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် စာရေးဆရာ ခင်မောင်အေး (နှလုံး) ရေးသားထားသော လူရယ်လို့ဖြစ်လာလျင် စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဘဝဆိုတာခဏလေးပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ အမှတ် (၁၅၁) ခြေလျင် တပ်ရင်းမိသားစုဝင်များဖြစ်သည့် ဒေါ်ဝင်းသန္တာကျော်က ပညာသင်ဖို့ငွေကြေးမရှိလို့ စိတ်အားမငယ်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်တင်ချောစုထိုက်က လိမ္မာသောသားသမီးတွေဖြစ်စေချင် ခေါင်းစဉ်ဖြင့်လည်ကောင်း၊ တက်ရောက်လာကြတဲ့ ကျောင်းသား/ကျောင်းသူများမှ မလှသန်းစိုးက လှုပ်ရှားမှုနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မခင်မိုးဝေက အားငယ်နေသူများခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်သက်ပိုင်စိုးက စိတ်ဓာတ်မကျဖို့လိုတယ် ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် လာရောက်လေ့လာသူများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား(၃၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ထို့နောက် သုတ/ရသ စာအုပ်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

ထင်ထင် (ကာလိ၊ပြန်/ဆက်)