မုဒုံမြို့နယ်မှ ထွက်ရှိသည့် စိမ်းစားဥပေါ် ဦးပေါ်ဖျားအချိန်တွင် စျေးကောင်းရရှိ

မုဒုံ အောက်တိုဘာ ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်မှထွက်ရှိသည့် စိမ်းစားဥ ပေါ်ဦးပေါ်ဖျားအချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

စိမ်းစားဥအပင်များသည် ဥအတွက်စိုက်ပျိုးသည့် ပဲပင်မျိုးဖြစ်ပြီး ပဲစိမ်းစား (သို့မဟုတ်) ပဲစိမ်းစားဥဟု ခေါ်ဆိုလေ့ရှိကာ ဆောင်းရာသီတွင် နုန်းရှိသည့် မြေနေရာတို့၌ စိုက်ပျိုးနိုင်ပြီး လယ်မြေများတွင်စိုက်ပျိုးပါက လယ်မြေအားကောင်းမွန်စွာ ထွန်ယက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး ကောင်းစွာကြီးထွားရန် ငါးလမှ ရှစ်လအထိကြာမြင့်ကာ အပင်ကြီး၍  ညှိုးကျလာသည့်အခါတွင် တူးဖော်လေ့ရှိကြောင်း၊ တစ်ဧကလျှင် ပိဿာ ၂၀၀၀ မှ ၆၀၀၀ အထိထွက်ရှိပြီး  တစ်ပိဿာလျှင် ဒေသပေါက်စျေး  ၁၅၀၀ ကျပ်အထိရောင်းချရကြောင်း မုဒုံမြို့နယ်မှ စိမ်းစားဥ စိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။

စိမ်းစာဥများသည် ဗီတာမင်အလုံအလောက် ပါဝင်သောကြောင့် အအေးမိ၊ နှာစေး၊ချောင်းဆိုး စသည့်ရာသီအကူးအပြောင်း  ရောဂါများအပြင်  ကလေးငယ်များတွင် ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း၊ ရေဓာတ်အများဆုံး ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွင်း အပူရှိန်လျော့ကျစေနိုင်သည့်အတွက် ကျန်းမာရေးကဏ္ဍာ၌ များစွာအထောက်အကူပြုနိုင်သည့် ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)