မောက်မယ် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် စျေးကောင်းရသဖြင့် မိသားစုများ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ် ရွာသစ်ကျေးရွာအတွင်း ဒေသခံတောင်သူများစိုက်ပျိုးထားသော ရုံးပတီသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သဖြင့် ကုန်ကျငွေသက်သာပြီး နေ့စဉ်ခူးဆွတ် ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ(၃)လကျော်ပါက စတင်ခူးဆွတ်ရောင်းချရပြီး ရောင်းစျေးအနေဖြင့် ရုံးပတီတစ်ပိဿာလျင်(၁၂၀၀)ကျပ်ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း ရွာသစ်ကျေးရွာနေ တောင်သူများကပြောပြသည်။
ရုံးပတီသီးနှံသည် အစိုဓါတ်နှစ်သက်သဖြင့် နုံးတင်သောမြေခြံများတွင် တစ်ပင်နှင့်တစ်ပင် နှစ်ပေခန့်အကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ပြီး လိုအပ်သည့်အချိန်များတွင် မြေဆွပေးခြင်း၊ ပေါင်းသင် ပေးခြင်းများပြုလုပ်ပေးကာ ရက်ပေါင်း(၇၀)အထိ ခူးဆွတ်၍ရကြောင်း သိရသည်။ စိုင်းမျိုးသန့်(မောက်မယ်)