ကျိုင်းတုံ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်နှင့်မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထား သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးမင်းမင်းဦး တို့က လာမည့် ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့နယ်များအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး စသည့် လူဦးရေစာရင်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ် Update ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်များအလိုက် မဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံနေရာချထားမှု၊ မဲရုံသုံးပစ္စည်းများ ဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုးက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လစဉ် စိစစ်ဆောင်ရွက်နေမှုများနှင့် မဲရုံများ လျာထားသတ်မှတ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်၊ မက်မန်းခရိုင်နှင့် မြို့နယ်များမှ ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများ၊ တပ်နယ်တာဝန်ခံများက ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၁၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက ကျိုင်းတုံခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အရာရှိများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတာဝန်ခံများနှင့်တွေ့ဆုံကာ ၂၀၂၃ ခုနှစ်အတွက် လျာထားသော မဲရုံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ကျိုင်းတုံမြို့နယ်အတွင်း လျာထားမဲရုံများအား အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းများ ညှိနှိုင်းဆောင်ရွက်၍ မဲရုံတည်နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ကျိုင်းတုံခရိုင်ပြန်/ဆက်)