ကျောက်ဆည် အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိသောကြောင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဘူးပင်များစိုက်ပျိုးမည်ဆိုပါက အသေအပျောက်မရှိစေရန်အတွက် အစေ့များအား အညှောက်ဖောက်ပြီး သန်မာသည့်ပျိုးပင်များရွေးချယ်ကာ ထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့် နွားချေးနှင့် မြေအားပြုပြင်ထားပြီး တစ်ပင်နှင့်တစ်ပင်(၃)ပေ၊ တစ်တန်းနှင့်တစ်တန်း(၁၈)ပေခြားကာ စိုက်ပျိုးမှသာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်းကြောင်း၊ ဘူးတစ်ဧကတွင် အပင်(၁၀၀၀) စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်တွင် ရောင်းတန်းတွင်ဘူးသီးများ (၁)ရက်ခြားခူးဆွတ်ရပြီး (၂)လခန့်အထိ ခူးဆွတ် ရောင်းချရကြောင်း ဘူးစိုက်တောင်သူ ဦးအောင်သက်နိုင်က ပြောပြသည်။
ဘူးပင်သည် ရေကြိုက်နှစ်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း၊ ဘူးတစ်ဧကစိုက်ပျိုးထားပါက ဘူးသီးများအား တစ်ရက်ခြား ခူးဆွတ်ရောင်းချရဖြင့် နေစဉ်ဝင်ငွေ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေသောကြောင့် စိုက်သင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူ ကုလကျေးရွာမှ တောင်သူဦးမျိုးမြင့်က ပြောပြသည်။
သက်မောင် (ကျောက်ဆည်)