စစ်တွေ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြီး တောင်ကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ဆက်ကပ် လှူဒါန်းခြင်းနှင့် မီးပုံးပျံအလုံး(၃၀၀) လွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင် ဥပဒေရုံးဖွင့်ပွဲသို့တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ခရိုင်ဥပဒေရုံးဆိုင်းဘုတ် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ အမွှေးနံ့သာရေများပက်ဖျန်းပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်ဥပဒေရုံးအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ ပန္နတင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြသည်။ ပန္နတင်မင်္ဂလာအခမ်းအနားမစတင်မီ မြို့နယ်ခန်းမဆောက်လုပ်မည့် နေလသစ္စာဆောက်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာက ခန်းမတည်ဆောက်မည့် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မင်္ဂလာအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက်ပေးကြကာ အမွှေးနံ့သာရေပက်ဖျန်း ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက် စေတျာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တောင်ကုတ်မြို့ရှိ ဩဝါဒါစရိယဆရာတော်ကြီးများအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို စေတျာရာမကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသူရိယဓဇ အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံး ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသူရိယဓဇ ထံမှငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များရွတ်ပွား ချီးမြှင့်တော်မူကြပြီး စေတျာရာမကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာချီးမြှင့်တော်မူကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက်ရေစက်ချ အမျှပေးဝေကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ရွှေမေတ္တာဘိုးဘွား ရိပ်သာသို့ သွားရောက်ပြီး အဘိုးအဘွားများအား ကန်တော့ကာ ဆေးဝါးများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘိုးဘွားရိပ်သာအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ထောက်ပံ့ငွေကျပ် (၁၀) သိန်းအား ပေးအပ် လှူဒါန်းပြီး ဘိုးဘွားရိပ်သာအတွင်း စားသောက်ဆောင်၊ အဘိုးအဘွားများ အိပ်ဆောင်နှင့် ရိပ်သာအတွင်း တို့ချဲ့ဆောင်ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြစစ်ဆေးကြပြီး ရိပ်သာအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တောင်ကုတ်မြို့၊ ဖောင်တော်ဦးဘုရား၌ ကျင်းပသော ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ဆက်ကပ်လှူဒါန်းခြင်းနှင့် မီးပုံးပျံအလုံး(၃၀၀) လွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်ပူဇော်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများနှင့်ဒေသခံပြည်သူများသည် ပန်း၊ ဆီမီးများထွန်းညှိကာ ဖောင်တော်ဦးဘုရားအားလှည့်လည်ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဦးဆောင်ကာ ဖောင်တော်ဦးဘုရားအား ပန်း၊ ဆီမီးနှင့် သောက်တော်ရေတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများနှင့်ဒေသခံပြည်သူများက ပန်း၊ ဆီမီးများ ထွန်းညှိပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဒေသခံပြည်သူများနှင့်အတူ မီးပုံပျံများကိုလွှတ်တင် ပူဇော်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိဗ္ဗာန်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)