တံတားဦးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် (၁၄၅၇၅)ဧက လျာထားပြီး (၁၃၇၅၈)ဧက စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်

တံတားဦး အောက်တိုဘာ ၁၆

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆန်စပါးဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ပျိုးရာ (၁၄၅၇၅) ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ (၁၃၇၅၈)ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည် ။

တံတားဦးမြို့နယ်ရှိ  ဒေသခံတောင်သူများသည် မိုးစပါးကို ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် လည်းကောင်း၊ ဆည်ရေကန်ရေမရသည့် ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး၊ စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများသည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း အစရှိသည့် မျိုးစပါးများနှင့်  ဒေသမျိုးစပါးများကို  အဓိကထားစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် မိုးစပါးကို ဆည်ရေ၊ ကန်ရေ သောက်စနစ်နှင့် မိုးကောင်းရေသောက် စနစ်တို့ဖြင့် တံတားဦးမြို့တွင် မိုးစပါးကို (၁၄၅၇၅)ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ မိုးစပါး(၁၃၇၅၈)ဧက စိုက်ပျိုးပြီးကြောင်း  မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်မြင့်ထံမှ သိရသည်။

တံတားဦးမြို့နယ်တွင် မိုးစပါးကို မြစ်ရေတင်စနစ်ဖြင့် (၂၅)ဧက၊ ဆည်ရေသောက်စနစ်ဖြင့် (၆၇၀၀) ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၇၈၅၀)၊ စုစုပေါင်း(၁၄၅၇၅) ဧကစိုက်ပျိုးရန်လျာထားပြီး၊ မြစ်ရေတင်စနစ်တွင်(၂၅)ဧက၊ ဆည်ရေသောက်စနစ်ဖြင့် (၆၇၂၀)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၇၀၁၃)ဧက၊ စုစုပေါင်း(၁၃၇၅၈) ဧက စိုက်ပျိုးပြီးကြောင်းလည်းသိရသည် ။

ဦးရဲတင့်( ပြန်/ဆက်)