ချောင်းဆုံမြို့နယ်တွင် “မရှိ၍ မလင်းသူ မရှိစေရ” ဆောင်ပုဒ်ဖြင့် မျက်စိ ရောဂါစမ်းသပ်ခြင်းနှင့် မျက်မှန်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ အောက်တိုဘာ  ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ မျက်စိရောဂါ အမြင်အာရုံ မဆုံးရှုံးစေရန် အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ရွှေမျက်မှန် ပရဟိတ အသင်း၊ Good Vision Glasses Eye Camps နှင့် ONE DOLLOR GLASSES ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ အောက်တိုဘာ ၁၅ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် “မရှိ၍ မလင်းသူ မရှိစေရ” ဆောင်ပုဒ်နှင့်အညီ မျက်စိစမ်းသပ်ခြင်းနှင့် မျက်မှန်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်း၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုဖြင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များကို အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ONE DOLLOR GLASSES ဖောင်ဒေးရှင်းနှင့် ချိတ်ဆက်ပူးပေါင်းကာ မျက်မှန်များ အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရွှေမျက်မှန် ပရဟိတအသင်းဥက္ကဋ္ဌ ဒေါက်တာကောင်းစံက ပြောသည်။

အဆိုပါအဖွဲ့က မျက်စိရောဂါဝေဒနာရှင် (၂၆၂)ဦး စမ်းသပ်စစ်ဆေးခဲ့ပြီး ခွဲစိတ်ကုမှု ခံယူရမည့်သူ(၃၀)ဦးကို ပြည်နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ပေးခဲ့ပြီး မျက်မှန်လိုအပ်သူ(၂၃၂)ဦးအတွက် ချက်ချင်းလက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)