ပေါင်မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ပေါင်    အောက်တိုဘာ    ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ယနေ့ကမ္ဘာကြီးတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံစားနေရသောသူ အရေအတွက်မှာ တစ်စထက်တစ်စ မြင့်တက်လာလျက်ရှိကြောင်း၊ သို့ဖြစ်၍ အစားအသောက်ပိုလျှံမှုနှင့် အလဟဿဖြစ်မှုများကို လျှော့ချရန်ရည်ရွယ်၍ အသိပညာပေးနိုင်ရန် (Talk Show)အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းလင်းမွန်က သက်ရှိလူသားတိုင်းအတွက် စားနပ်ရိက္ခာ မရှိမဖြစ်လိုအပ်မှုများ၊ နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံရေးမှသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့် လူ့ပတ်ဝန်းကျင် အေးချမ်းသာယာရေး ဆက်နွယ်မှုများ၊ ဆန်၊ စပါး၊ ပဲအမျိုးမျိုးအပြင် အသား၊ ငါးစသည့် စားနပ်ရိက္ခာအမျိုးအစားများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံနှင့် လုံလောက်သည့် ပမာဏကိုသာ ဝယ်ယူစားသုံးခြင်းဖြင့် စားနပ်ရိက္ခာ အလေအလွင့်မရှိအောင် ထိန်းသိမ်းသင့်သည့် နည်းလမ်းများ၊ အစားအစာများ ပျက်စီးဆုံးရှုံးမှုမရှိအောင် စနစ်တကျ သိုလှောင်ခြင်း၊ စားကြွင်းစားကျန်များကို မြေဩဇာအဖြစ်သော်လည်းကောင်း အခြားအသုံးပြုနိုင်သည့် အရာများအဖြစ်သော်လည်းကောင်း ပြန်လည်အသုံးပြုခြင်းဖြင့် စားနပ်ရိက္ခာထိန်းသိမ်းခြင်းအပြင် မိသားစုထွက်ငွေကိုလည်း ခြိုးခြံရာရောက်သည့် နည်းလမ်းများ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယုံကြည်စိတ်ချရပြီး လတ်ဆတ်သည့် ဒေသထွက်အစားအသောက်များကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသထုတ်ကုန်များကို မြှင့်တင်ပေးနိုင်မှုများ စသည့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ သိကောင်းစရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် အကြောင်းအရာများကို ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)