မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာနှင့် ပတ်သတ်၍ ''လူငယ်နှင့်ရည်မှန်းချက်'' ခေါင်းစဉ်ဖြင့် လူငယ်တွေအတွက် ပညာရေးသည် အဓိက ရည်မှန်းချက်ဖြစ်ကြောင်း၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသည့် ရည်မှန်းချက်ရှိရမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးဟောပြောပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေး စာအုပ်၊ စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သက်ငယ် မုဒိမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)