မိတ္ထီလာ၊စက်တင်ဘာလ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁/၁၁၂ အစုန်၊ အဆန် စာပို့ရထားကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ယာယီ ရပ်နားထား ရှိကြောင်း သိရသည်။
မြန်မာ့မီးရထား မိတ္ထီလာဘူတာမှ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားတွင် စီးနင်းလိုက်ပါလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမရှိစေရေးအတွက် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ပြေးဆွဲခြင်းကို ယာယီရပ်နား ထားလျက်ရှိသည်။ အဆိုပါ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသော အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထားမှာ သာစည်ဘူတာမှ မြင်းခြံဘူတာအထိ ကွမ်းခြံရိုး၊ မိတ္ထီလာ၊ အင်ကြင်းစု၊ ရေချို၊ မလှိုင် ၊ ရုံးစည်ကြီး၊ တောင်သာ၊ ဖက်တော၊ ဆားခါးဘူတာများကို ဖြတ်သန်းသွားလျက်ရှိကြောင်း မိတ္ထီလာဘူတာမှ ရုံပိုင်ကြီးဦးမြင့်ထွန်းထံမှ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မိတ္ထီလာဘူတာ၏ သာစည်-မြင်းခြံလမ်းပိုင်း ပြေးဆွဲလျက်ရှိသည့် အမှတ် ၁၁၁ အဆန်နှင့် အမှတ် ၁၁၂ အစုန် စာပို့ရထား ယာယီရပ်နားထားသည့်အပြင် မိတ္ထိလာမြို့အခြေပြု ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်းများ ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ပြေးဆွဲခွင့်မပြုဘဲ ယာယီရပ်နား ထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)