ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အလုပ်သမားများအား အလုပ်ရှင်၊အလုပ်သမား အငြင်းပွားမှုများ လျော့နည်းစေရန်၊ ဥပဒေပါရပိုင်ခွင့် များနှင့် အကျိုးခံစားခွင့်များကို သိရှိနားလည်စေရန်၊ အလုပ်သမား ဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာဝန်ဝတ္တရားများကို ကောင်းစွာ သိရှိနိုင်စေရန်အတွက် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတို့က ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၃)၊ ရွှေရည်စံပယ်(အထည်ချုပ်စက်ရုံ)တွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အမှာစကားပြောကြားရာတွင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာသိရှိနားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း ဥပဒေပါခံစားခွင့်များ အပြည့်အဝပေးရန်လိုအပ်ပါကြောင်း၊ အလုပ်သမားအငြင်းပွားမှုများ ဖြစ်ပွားလာပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းသာယာသည့် လုပ်ငန်းခွင် ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအား လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်မှသာ အလုပ်သမားများ၏ လူမှုဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊အငြင်းပွားမှုများ ဖြစ်ပွားလာပါက စက်ရုံတွင်း၌ ပြေလည်မှုရရှိအောင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင် ကနဦးဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်း ရေးကော်မတီတွင် ပြေလည်မှုမရရှိပါက အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အလုပ်သမား ရေးရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန်လိုပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ကျင့်သုံးဆောင်ရွက် လျက်ရှိသည့် အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားများ သိရှိဆောင်ရွက်သင့်သည့် အချက်များကို သိရှိနိုင်ရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးများက အလုပ်သမားဥပဒေပါ အကြောင်းအရာများကို ကဏ္ဍအလိုက်အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် အလုပ်သမားများက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)