လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

လားရှိုး အောက်တိုဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက်လုပ်ငန်းဆောင် ရွက်နေမှုအား ယနေ့နံနက်(၈)နာရီအချိန်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့သည်။

တိုင်းမှူးနှင့်အဖွဲ့သည် မြို့တွင်းလမ်းမကြီးများတွင် ဆောင်ရွက်လျက်ရှိသော ခြုံနွယ်များနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာအလှမြက်များစိုက်ပျိုးခြင်း၊ အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက်​ ရေနှုတ်မြောင်းများ တူးဖော်ခြင်းများ၊ မြို့တွင်း လမ်းများအဆင့်မြင့်တင်ဆောင်ရွက်ခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လို အပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် လားရှိုး တပ်နယ် မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများပါဝင်၍ မြို့သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး