ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ရန်ကုန် အောက်တိုဘာ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃) ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းကမ်းချက် များနှင့်အညီဖွင့်လှစ်သည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဆန်းဝင်းနှင့် ခရိုင်ဦးစီးမှူး၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းတွင် ဝန်ထမ်းတိုင်း၊ ဒီဂျစ်တယ်နည်းပညာ၊ ကွန်ပျူတာ၊ အင်တာနက်အသုံးချမှုနှင့် အခြေခံသဘောတရားများ နားလည်တတ်ကျွမ်းပြီး ရုံးလုပ်ငန်းများတွင် ခေတ်မီအိုင်တီနည်းပညာကို အသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား လာစေရန်အခြေခံသင်တန်းမှ အဆင့်မြင့်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူးလေ့ကျင့် သွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို အပတ်စဉ်၊ စနေနှင့်တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရုံးတက်ချိန်မထိခိုက်စေဘဲ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။ ယခုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၁၅)ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ (၂)လကြာစာတွေ့၊ လက်တွေ့သင်ယူကြရမည်ဖြစ်သည်။ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားပြီး သင်တန်းသားများ စိတ်အေးချမ်းသာစွာတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)