နေပြည်တော်ကောင်စီဥက္ကဋ္ဌ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၅

နေပြည်တော်အတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ် နှံမှုဖြင့် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော Chindwin Banner Co., Ltd. ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ များကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုသို့သွားရောက်စဉ် Chindwin Banner Co., Ltd. ၏ တာဝန်ရှိသူက CMP စနစ်ဖြင့် Jacket, Apron, Uniform များ ချုပ်လုပ်လျက်ရှိသည့် အခြေအနေ၊  Made in Myanmar ဖြင့် ဂျပန် နိုင်ငံသို့ တင်ပို့လျက်ရှိသည့်အခြေအနေ၊ ပြည်တွင်းဝန်ထမ်းဦးရေ ၈၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးလျက်ရှိသည့် အခြေအနေနှင့် ရှေ့ဆက်လက်လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရန်၊  လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက် ရန်တို့ကို မှာကြား၍ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့ပြီး  စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)