ကော့မှူးမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေး အခေါ်အမြော်အမြင်များရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဦးမြင့်သောင်း က စာရေးဆရာမ နန္ဒာခင်(သက္ကလမြေ)ရေးသားသည့် အဖေ့ခြံနှင့်အခြားရသဝတ္တုတိုများထဲကယူခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနှင်းဝတ်ရည် က နှိုးစက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးမိုး ကရွှေနားဖူးလေးတစ်ရန်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးမြင့်သောင်း က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)