ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် (၁၀)နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူ က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အောက်တိုဘာ ၁၆ ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ်သတ်မှတ်ပြီး ၁၉၈၁ ခုနှစ်မှစတင်၍ ကျင်းပလာခဲ့တာဆိုရင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် (၄၂)ကြိမ်ပြည့်မှာဖြစ်ပါကြောင်း၊ နောက်ခံသမိုင်းကတော့ ၁၉၇၉ ခုနှစ်တွင်ကျင်းပသည့် ကုလသမဂ္ဂစားနပ်ရိက္ခာစိုက်ပျိုးရေးအဖွဲ့၏ အကြိမ်(၂ဝ)မြောက်အထွေထွေညီလာခံမှာ ဟန်ဂေရီနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို သတ်မှတ်ပေးဖို့ အဆိုပြုခဲ့ကြောင်း၊ ညီလာခံကကမ္ဘာ့စားနပ်ရိက္ခာနေ့ကို သတ်မှတ်ပေးနိုင်ခဲ့ရုံမက ဆင်းရဲမှုနှင့်ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးအသိပညာပေးနှိုးဆော်ဖို့ဆိုသည့် ရည်ရွယ်ချက်နဲ့အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ နှစ်စဉ်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာက ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ဆိုတာ ကမ္ဘာတစ်ဝန်းစားနပ်ရိက္ခာဖူလုံရေးကူညီဆောင်ရွက်ပေးနိုင်ဖို့ဆိုသည့် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ဆောင်ပုဒ်ကတော့ “ထွက်ကုန်မြှင့်တင် တိုးထုတ်လျှင် ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပ တို့ဘဝ လူတိုင်းစေ့ငရရှိကြ”ဆိုသည့်အချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)