စစ်တွေ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ မြို့ဦးကျောင်းတိုက်သို့သွားရောက်ပြီး သံတွဲမြို့ပေါ်ရှိဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ မြို့နယ်သံဃနာယကအဖွဲ့ဝင် တရော်တောကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တရေဝတထံမှ ဩဝါဒခံယူကြကာ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မဟာဗောဓိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကလျာဏ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ တံတားအထူးအဖွဲ့(၁၆)မှ ပြည်ထောင်စုအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၁၆၁၅ ဒသမ ၀၀ သန်းဖြင့် တည်ဆောက်လျက်ရှိသော အရှည် ၁၁၂ ပေရှိ ငပလီ - မဇင်တံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တံတားအထူးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့၊ ဇီးဖြူကုန်း ဆေးရုံတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မလွတ်ကင်းသဖြင့် ပြောင်းရွှေ့ပေးခဲ့ရသည့် အခြေခံပညာမူလတန်းလွန်၊ ဇီးဖြူကုန်းကျောင်းအား ဆေးရုံဆောက်လုပ်ပေးခဲ့သည့် ရက္ခိတသီဟကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၈၃၀ တန်းဖိုးရှိ RC နှစ်ထပ်ကျောင်း ဆောင်သစ် တစ်ဆောင်နှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကုမ္ပဏီမန်းနေဂျင်းဒါရိုက်တာ ဦးမြင့်လှိုင်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဦးမြင့်လှိုင်က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား သံတွဲမြို့နယ်ပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့ရှိ အသေးစား၊ အလတ်စားစက်မှုလက်မှု လုပ်ကိုင်လျက်ရှိသော ရတနာပျိုမေ တိုင်းရင်းသားရိုးရာ ချည်ထည်အိတ်အမျိုးမျိုးနှင့် အမှတ်တရ ပစ္စည်းများ အရောင်းဆိုင်တွင် ပစ္စည်းများထုတ်လုပ်ရောင်းချနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးပြီး ငပလီမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် ဟိုတယ်လုပ်ငန်းများသို့ ရေပေးဝေလျက်ရှိသော ငပလီရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအားရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးနှင့်တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆိုင်ရာ ရန်ပုံငွေကျပ်ဘီလီယံ ၄၀၀ ကျော်ရှိသည့်အနက်မှ ကျပ်ဘီလီယံ ၄၀၀ ကို ကိုဗစ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ်သုံးစွဲ နိုင်ရေးလမ်းညွှန်စီမံမှု ပြုခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အနေဖြင့် ငွေကျပ် ၁၀ ဘီလီယံ မတည်ထောက်ပံ့မှုရရှိခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ယခုရရှိခဲ့သည့် မတည်ထောက်ပံ့ငွေများကို ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲနိုင်ရေး စိစစ်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ငွေသုံးစွဲမှု၊ ပြန်လည်ရရှိမှုနှင့် ရရှိသည့်အကျိုးကျေးဇူးများကို စနစ်တကျမှတ်တမ်းထားရှိခြင်း၊ စီမံကိန်းလုပ်ငန်းမျာသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်သည့်ကော်မတီများ ဖွဲ့စည်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း ကဏ္ဍများတွင် ကျရာနေရာမှ ပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြ သည့် လုပ်ငန်းရှင်များက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး ပြောကြားပေးကြသည်။ ယင်းနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မှော်ဘီ မြောင်းတကာစက်ရုံမှထုတ်လုပ်သော ယူရီယားဓာတ်မြေဩဇာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က စိုက်ပျိုးရေးအကျိုးဆောင် တောင်သူများသို့ ပေးအပ်ကြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ ဒေသထုတ်ကုန်များအား ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်ဆက်)