ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ၉/၂၀၂၂ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှကြည်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို အောက်တိုဘာ ၁၁ ရက်နေ့မှစတင်ကာဖွင့်လှစ်ခဲ့ပြီး သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်မောင်မယ်များ ရှေးဦးပြုစုခြင်း အတတ်ပညာတတ်မြောက်စေရန်၊ ရှေးဦးပြုစုခြင်းနည်းပညာပြန့်ပွားစေရန်၊ ကြက်ခြေနီလူမှုရေးလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန်၊ မတော်တဆထိခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက စနစ်တကျကူညီတတ်စေရန်၊ အနာဂတ်၏ ကြက်ခြေနီလူငယ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့်ပြည်သူများ၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိပညာများမြှင့်တင်ရန်၊ ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ရန် ၊ ကြက်ခြေနီအမှတ်အသားအရေးပါမှုအား သိရှိကြစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဇော်မျိုးထိုက်နှင့်တပ်ဖွဲ့ဝင်များက စာတွေ့လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ(၃၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ပြီး သင်တန်းပို့ချကြသည့်နည်းပြများဖြင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)