ချောင်းဆုံမြို့နယ်တွင် World Vision International Myanmar အဖွဲ့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေး မိတ်ဆက်ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လေဘေးသင့်မိသားစုများ ထောက်ပံ့မှုဆောင်ရွက်ပေးခြင်းအစီအစဉ်နှင့် ပညာရေးကဏ္ဍ၊ ကလေးသူငယ်စောင့်ရှောက်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ စသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် World Vision International Myanmar အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေး မိတ်ဆက်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုဒါရိုက်တာ ဦးစိုးကျော်ကျော်က (World Vision International Myanmar) အဖွဲ့၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြပြီး မွန်ကရင်တနင်္သာရီ တောင်ပိုင်းဇုံ စီမံခန့်ခွဲရေးမန်နေဂျာ ဦးစောဂျွန်က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ပြောကြားသည်။

အဆိုပါအဖွဲ့မှ ကလေးသူငယ်စောင့်ရှောက်ရေးကဏ္ဍကျန်းမာရေးကဏ္ဍ ကိုယ်ဝန်ဆောင်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များ၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းပေးခြင်း လုပ်ငန်းများ ရပ်ရွာငွေစုငွေချေးအဖွဲ့များဖြစ်ပေါ်လာရန် နည်းပညာပေးခြင်း ထုတ်ကုန်ဈေးကွက်သို့ရောက်ရှိပြီး အကျိုးအမြတ်များရရှိအောင် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို  ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများနှင့် အတူပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးတွေ့ရှိချက်များကို စီမံကိန်းအလိုက် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)