ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်း(၁၈၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်

တာမွေ      အောက်တိုဘာ     ၁၄

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး YBSယာဉ်လိုင်းများမှ ယာဉ်မောင်း(၁၈၄)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကို စနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်းအပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်စေရေးအတွက်ရည်ရွယ်ပြီး YBS ယာဉ်လိုင်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း(၁၁၆)လိုင်းမှ ယာဉ်အစီးရေ (၃၁၀၀)ကျော်ဖြင့် ခရီးသွားပြည်သူ(၁၃)သိန်းခန့်အား ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင် ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံနေကြရပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရရန် လွယ်ကူနေသဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ရာ ယနေ့အထိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း(၁၈၄)ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)