ဒဂုံမြောက် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူဦးသန်းဝင်းက “ရှေးဦးစွာ မြို့နယ်လုံးကျွတ် စုပေါင်း သန့်ရှင်းရေးအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအစည်းအဝေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးသွားရန်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေကို ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြကြရန်၊ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်ရပ်ရွာအတွင်း စီမံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစစ်ကြောင်း (၅) ကြောင်းမှ ဆောင်ရွက်မှုအခြေအနေများကို တင်ပြကြစေလိုကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့်ရေ၊ လျှပ်စစ်မီးများပျက်မည်ဆိုပါက ကြိုတင်ဆောင်ရွက်ပေးစေလိုကြောင်း၊ အပြုသဘောဆောင်ပြီး ဦးတည်ချက်များဖြစ်မြောက်ရန် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူးမှ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ က မိမိတို့ဌာန စီမံကိန်းလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများအား ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)