တနိုင်း အောက်တိုဘာ ၁၄
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ မွန်းလွဲ (၁) နာရီက စာပေအသိပညာ တိုးပွားစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်၍ စာအုပ်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေများ ဖတ်ရှုတတ်သည့် အလေ့အကျင့်ရရှိစေရန်၊ စာပေ၏အကျိုးကျေးဇူးများကို သိရှိပြီး အမှား/ အမှန်ကို ပိုင်းခြားဝေဖန်တတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် သုတ/ရသ စာအုပ်စာစောင်မျိုးစုံကို စိတ်ဝင်စားမှုရှိစေရန် ခင်းကျင်းပြသပေးပြီး တန်ဖိုးရှိသော ကျေးဇူးတင်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသထားသည့် နံရံကပ် စာစောင်များအား စိတ်ဝင်တစားလေ့လာဖတ်ရှုကြပြီး မိမိတို့ဖတ်ရှုလိုသည့် စာအုပ် စာစောင်များကို လည်း တာဝန်ရှိသူများက စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)