တံတားဦးမြို့နယ်တွင် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး အောက်တိုဘာ ၁၄

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ကြဲပတ်စိုက်ပျိုးခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းများ ပြုလုပ်ထားသည်း ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း တံတားဦးမြို့နယ် ထနောင်းကိုင်းကျေးရွာ တောင်သူများထံမှ သိရသည်။

တံတားဦးမြို့နယ်တွင် တောင်သူအများစုသည် ပဲစဉ်းငုံကို ကဆုန်လနှင့် နယုန်လတို့တွင် မိုးဦး မိုးရာသွန်းချိန် နှမ်းများကြဲပတ်ချိန်နှင့်အတူ ပဲစဉ်းငုံအား ရောနှောကာစိုက်ပျိုးကြကြောင်း သိရသည်။ နှမ်းများနှုတ်သိမ်းပြီးချိန်၊ ရိတမ်သိမ်းပြီးချိန်တို့တွင် မိုးရွာသွန်းပါက ပဲစဉ်းငုံပင်များအားမြေဆွပေးသကဲ့သို ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး သို့မှသာ အပင်များကောင်းလာပြီး အပင်မြင့်လာကာ အသီးများပိုမိုသီးလာ၍ အစေ့များ အောင်မြင်ဖြစ်ထွန်းလာကြောင်း ပဲစဉ်းငုံစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ပဲစဉ်းငုံအပင်၏ သက်တမ်းသည် ခုနှစ်လနှင့် ရှစ်လကျော်ကြာမြင့်ပြီးအဖူး၊ အပွင့်ချိန်တို့သည် တော်သလင်း၊ သီတင်းကျွတ်လတို့ဖြစ်ရာ အပွင့်ပွင့်ချိန် မိုးရွာသွန်းမှုများပြားပါက အသီးသီးနှုန်းလျော့နည်းသွားနိုင်ကြောင်း၊ အပွင့်ပွင့်ချိန် မိုးရွာသွန်းမှုမရှိပါက အသီးသီးနှုန်း ပိုမိုများပြားလာပြီး အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း၊ ပဲစဉ်းငုံခုတ်သိမ်းချိန်သည် ပြာသိုလနှင့်၊ တပို့တွဲလများဖြစ်ပြီး ခုတ်ယူထားသည့် ပဲစဉ်းငုံအပင်နှင့် အကိုင်းအခက်များအား လက်တစ်ပိုင်တစ်နိုင်ကိုင်ပြီး အမာပေါ်တွင် ရိုက်ချ၍ အစေ့၊ အသီးခွံ၊ အရွက်များကို သီးခြားခွဲထားပြီး အစေ့များကိုရောင်းချပြီး အရွက်နှင့်အသီးများကို နွားစာအဖြစ်အသုံးပြုရကြောင်း သိရသည်။

တောင်သူများအနေဖြင့် ပဲစဉ်းငုံပေါ်ချိန် မနှစ်က တစ်တင်းလျှင် ငွေကျပ် ၂၀၀၀၀ အထိ ရောင်းချ၍ ဈေးကောင်းရရှိကြောင်းနှင့် ယခုနှစ်လည်း ပဲစဉ်းငုံပေါ်ချိန် ဈေးကောင်းရရန် တောင်သူများမျှော်လင့်ကြကြောင်း သိရသည်။

ရဲတင့်