ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြော

ဗိုလ်တထောင်    အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက ဗိုလ်တထောင်မြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း သစ္စာခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉  လမ်းညွှန်ချက်များကို လိုက်နာရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားရန်၊ ကာကွယ်ဆေးကို လူတိုင်းထိုးနှံ့ရန်၊ ဆေးထိုးထားလျှင်  ရောဂါပြင်းထန်မှုကို လျှော့ချနိုင်မှုများ၊ နှာခေါင်းစည်းများတပ်ဆင်ရန်၊ လက်ဆေးရန်နှင့် သတ်မှတ်အကွာအဝေးတွင်နေရန်၊ တစ်ဦးမှတစ်ဦးသို့ ပြောကြားခြင်းဖြင့် လူအားလုံးကျန်းမာရေး အသိပညာရရှိရန်၊ ကိုယ်ခံအားကောင်းရန်အတွက်၊ အာဟာရအုပ်စု(၃)စု စုံအောင်စားသုံးရန် တို့ကိုဟောပြောခဲ့သည်။ ဆက်လက်၍ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ခိုင်ကလျာစော၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်ခင်ညွှန့်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရန် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းထံသို့ ပေးအပ်လှူဒါန်းပြီး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အ.ထ.က(၃)ကျောင်းမှ ဆရာ၊ ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)