ရန်ကုန် အောက်တိုဘာ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းတွင် စာရေးဆရာ ဦးဘသက်ဆွေ (မှုခင်းစုံမဂ္ဂဇင်းအယ်ဒီတာချုပ်) က “မသန်သော်လည်း “စွမ်း” ကြသော သူတို့ဆီက ဘဝကိုအောင်နိုင်ကြသူများ” စာအုပ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဦးကျော်စိန်သန်း (ဒေါပုံမြို့နယ် စာရေး ဆရာအသင်း- ဥက္ကဋ္ဌ) က စာပေကိုဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ အကြောင်းအရာဖြင့် လည်းကောင်း၊ စာရေးဆရာ ဒေါက်တာသန်းမင်းထိုက်က သုတစာပေနှင့် ရသစာပေများ၏ အနှစ်သာရများကို လေ့လာခြင်းအကြောင်းအရာများဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မေးမြန်းလိုသည်များနှင့် ဆွေးနွေးလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးကြရာ စာရေးဆရာကြီးများက အပြန်အလှန် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်)