ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ရမ်းဗြဲ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ပုတင်းစုဈေး၊ ရမ်းဗြဲ-ပိန္နဲတောင်လမ်းဆုံနှင့် လူသွားလူလာများသော နေရာများသို့သွားရောက်ပြီး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်များမှ ပုတင်းစုဈေးအတွင်းဝင်ရောက်ပြီး ဈေးရောင်း ဈေးဝယ်ပြုနေသူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ပြီးမှ ဈေးရောင်း ဈေးဝယ် ပြုကြရန်မှာကြားပေးခြင်း၊ လမ်းသွားလမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင်သူများ၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ ရမ်းဗြဲမြို့နယ်မှ ရန်ကုန် - တောင်ကုတ် မြို့များသို့ သွားရောက်ကြမည့် ခရီးသွားပြည်သူများတို့အား Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရန် မှာကြားပေးခြင်းများနှင့် လမ်းသွားလမ်းလာမိဘပြည်သူများတို့အား အပြင်မှပြန်ရောက်သည့်အခါတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောရန်၊ လူစုလူဝေးနေရာများသို့ မသွားရောက်ဘဲ လူစုလူဝေးမပြုလုပ်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးကိုလည်း အကြိမ်ရေပြည့်မီအောင်ထိုးနှံကြရန်တို့ကို အသိပညာပေး မှာကြားပေးခဲ့ကြသည်။

ထို့နောက် ပူးပေါင်းအဖွဲ့တို့သည် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask အခု ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)