စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကျင်းပ

စဉ့်ကူး   အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲနှင့်ပုံပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာပေကို ချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်သည့်အလေ့အထများ၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ကျင်းပရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ အားလုံးအား စဉ့်ကူးမြို့နယ်ပြန်/ဆက်ရုံး ဝန်ထမ်းများက အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့သည်။

စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)