ကျောက်ဆည်မြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ကျောက်ဆည် အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး စာအုပ်များ  အခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များရှိသဖြင့် စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်မိုဘိုင်း စနစ်ဖြင့် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ဌာနဆိုင်ရာရုံးများတွင် လုပ်ငန်းတာဝန်များဖြင့် မအားလပ်သောဝန်ထမ်းများအား  စာအုပ်စာပေများ ဖတ်ရှုစေလိုရန်အတွက် မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ ငှားရမ်းပေးသည့်အခါတွင် သုတ/ရသ စာပေမျိုးစုံ၊ လူကြီး၊လူငယ်အရွယ်စုံ ဖတ်လို့ရသည့်စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ်စာပေများနှင့် ရင်းနှီးစေပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်အတွက် မိုဘိုင်နယ်လှည့်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မိုးမိုးအေးက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)