ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အရှေ့သပြေကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော သင်္ဘောစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အရှေ့သပြေသာကျေးရွာတွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ငရုပ်၊ ကြက်သွန်၊ ငှက်ပျော၊ ဖူးစားပြောင်း၊ နနွင်း စသည့်သီးနှံများ စိုက်ပျိုးကြပြီး သင်္ဘောစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ဇော်ဂျီမြစ်ကမ်းနားဘေး၊ သဲနှုန်းယာမြေ ဖြစ်သောကြောင့် မြစ်ရေတင်ပြီး မိသားစုတစ်နိုင်တစ်ပိုင်သင်္ဘော(၁)ဧက စိုက်ပျိုးထားကြောင်းနှင့် အပင်သက်တမ်း (၆)လခန့်တွင် ရောင်းတန်းဝင် သင်္ဘာသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချသည့်အခါ ပွဲစားများမှ ရင့်မှည့်ခါနီးအသီးရင့်များလာရောက်ခူးဆွတ်ပြီး သံသေတ္တာများနှင့်ထည့်ကာ သေတ္တာအရေအတွက်အတိုင်း ကာလပေါက်ဈေးနှင့် ရောင်းချရကြောင်း အသီးလှိုင်ချိန်တွင် တစ်ကြိမ်ခူးဆွတ်ပါက ငွေကျပ်(၁၂)သိန်းခန့် ရကြောင်း သင်္ဘောစိုက်တောင်သူ ဦးသန်းထွန်းက ပြောပြသည်။

သင်္ဘောစိုက်ပျိုးရာတွင် အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးပင်များသီးသန့်ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာရှိစေရန်နှင့် လေအဝင်အထွက်ကောင်းမွန်စေရန် အတွက် မြေဘောင်များပြုလုပ်၍ တစ်ပင်နှင့်တစ်ပင်-တစ်တန်းနှင့်တစ်တန်း (၁၀)ပေအကွာအဝေးခန့် စိုက်ပျိုးပါက သီးလုံးပို၍လှပကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေးနှင့်ပိုးသတ်ဆေးများ ဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေအပေါ်တွင် မူတည်၍ ရေသွင်းပေးခြင်း၊ မြေဩဇာ ကျွေးပေးခြင်းများလည်း ပြုလုပ်ပေးရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)