တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား   အောက်တိုဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်  စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင်များနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Women Club)နှင့်(Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်သင်းရေးသားသည့် မျိုးဆက်သစ်ရဲ့မဟာမိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က တာဝန်ခေါင်းစဉ်ဖြင့်ဦးဆောင်ဆွေးနွေးရာတွင် တာဝန်သိခြင်းသည် ကိုယ်ကျင့်၊ တာဝန်ယူဝံ့ခြင်းသည် သတ္တိ၊ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်ဖြစ်ကြောင်း တာဝန်သိခြင်းနှင့်ကိုယ်ကျင့်တရားသည် တိုက်ရိုက်ဆက်စပ်နေကြောင်း မိသားစုတစ်ခုအတွင်း ဖခင်ဖြစ်သူက ကိုယ်ကျင့်တရားစောင့်ထိန်းပြီး တာဝန်ကျေပါက သားသမီးတွေရဲ့ဘဝ လှလှပပဖြစ်လာနိုင်ကြောင်း တာဝန်ယူခြင်းနှင့်ပက်သက်၍ မြန်မာတွေရဲ့ထုံးတမ်းအစဉ်အလာအရ မင်္ဂလာဆောင်ခြင်း၊ အိမ်ထောင်ပြုခြင်းသည် မိသားစုတစ်ခုကို လူသိရှင်ကြားတာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း၊ မိမိရင်သွေးကိုသာမက မိဘမဲ့ကလေးတွေကိုပါတာဝန်ယူစောင့်ရှောက်ကြသောသူများသည် တာဝန်ကိုထမ်းဆောင်နိုင်သော စွမ်းရည်ထက်မြတ်သူများဖြစ်ကြောင်း၊ တာဝန်သည်ကိုယ်ကျင့်၊ စွမ်းရည်၊ သတ္တိကို ထင်ရှားစေနိုင်ကြောင်း ဆွေးနွေးပြောကြားပြီးနောက်(Women Club)အဖွဲ့ဝင် ဒေါ်ကြည်ဆွေခိုင်မှ သစ္စာပြုခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊(Book Club)အဖွဲ့ဝင်  ဦးသန့်ဇင်ဖြိုးမှ ကျားစိတ်ကျားမာန် ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ