မှော်ဘီ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Book Club)အသင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးအသိပညာပေး Talk Show ကျင်းပသည်။
ရှေးဦးစွာ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးသိန်းက ကလေးသူငယ်အခွင့်အရေး အသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်(Book Club)အသင်းမှ အတွင်းရေးမှူးစာရေးဆရာဝင်းနွယ်(ပုသိမ်)က ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ကာကွယ်ရေးက နိုဝင်ဘာ ၁၉ ရက်နေ့ကို ကလေးသူငယ်အခွင့်အရေးနေ့ သတ်မှတ်ထားကြောင်း၊ "ကလေး"ဆိုသည့်စကားလုံးကို ၁၈ နှစ်အောက်ကိုသာ သတ်မှတ်ထားကြောင်း၊ ကလေးသူငယ်အဖွဲ့အစည်းတွေ ပျော်ရွှင်စွာပူးပေါင်းသင့်ကြောင်း၊ ကလေးသူငယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာခိုင်းစေတာ မပြုလုပ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွေများများဖွင့်သင့်ကြောင်း၊ ကလေးဘက်စုံဖွံ့ဖြိုးရေးအတွက် ပန်းချီပညာ၊ အနုပညာတွေကို ပြုလုပ်ပေးသင့်ကြောင်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)