ရန်ကင်းမြို့နယ် စည်ပင်သာယာသန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်

ရန်ကင်း  စက်တင်ဘာ ၁၇                   

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး ရှင်းလင်းဆောင်ရွက်နေကြသော သန့်ရှင်းရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်စေရေး အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍  လမ်းတာဝန်ခံရုံးခန်းများတွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်   ရန်ကင်းမြို့နယ် မြို့နယ်စည်ပင် သန့်ရှင်းရေး ဝန်ထမ်းများကို  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်စေရန် လမ်းကြောင်းအသီးသီးမှ တာဝန်ခံရုံးသို့ ပြန်လည် ရောက်ရှိလာပါက ကိုယ်အပူချိန်တိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လက်များကိုဆပ်ပြာဖြင့် ဆေးကြောနိုင်စေရန် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိခြင်း၊ ယူနီဖောင်းများကို ရေနွေးပူဖြင့်လောင်း၍ ပိုးသတ် သန့်စင်ခြင်း၊ ဆပ်ပြာစိမ်၍ လျှော်ဖွတ်ခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုခြင်း နှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ နှာခေါင်းစည်း (Mask) များ၊ လက်အိတ်များနှင့် ခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပြီးမှသာ လုပ်ငန်းများကို ဆောင်ရွက်ကြရန် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)