ရန်ကင်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၀:၃၀ နာရီက ရန်ကင်းမြို့နယ်ကျန်းမာရေးစစ်ကြောင်းမှ ရန်ကင်းမြို့နယ်မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ခြင်ကြောင့်ဖြစ်တတ်သော ရောဂါများမှကြိုတင်တားဆီးကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ ပိုးလောက်လန်းကာကွယ်နှိမ်နှင်းရေးအတွက် ရေတိုင်ကီများ၊ ရေအုတ်ကန်များ၊ ရေပုံးများထဲသို့ အဘိတ်ဆေးများခပ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ် မူလတန်းကြိုကျောင်းတွင် ကလေးငယ်များအား လက်ဆေးခြင်းသရုပ်ပြသင်ကြားပြသပေးခြင်း လုပ်ငန်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)