ရန်ကင်း အောက်တိုဘာ ၁၃
ရန်ကင်းမြို့နယ်တွင် (၁၂- ၁၀-၂၀၂၂)ရက်နေ့ ယမန်နေ့နံနက်(၀၉:၀၀)နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ Sinopharm/ Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac)နှင့် Covishield ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား (Sinopharm)ကာကွယ်ဆေးများကို ထပ်ဆောင်း ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပထမအကြိမ် အသက် ၁၈ နှစ်အထက်များအား (Covaxin)၊ အသက်၁၅နှစ်မှ အသက် ၁၈ နှစ် ကျောင်းပြင်ပ ကလေးများအား(Sinovac) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက်ကာကွယ်ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ ခြောက်ပေအကွာမှာ စောင့်ဆိုင်းစေခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးပါက စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)